ကာမေသုမိစ္ဆာစာရကံ ကျူးလွန်ခြင်းဟူသည် ကာမဖော်ပြားတဲ့အကြောင်းလေးကို သေချာလေးနားလည်သွားအောင် ဆွေးနွေးလိုတဲ့သဘောလေးနဲ့ ဒီပို့စ်ကို ရေးလိုက်ခြင်းဖြစ်ပါတယ်။ ကာမေသု-ကာမဂုဏ်ကို၊ မိစ္ဆာ-မှားယွင်းစွာ၊ အာစာရ-ကျူးလွန်ခြင်းဟူ၍ အနက်အဓိပါယ်ရပါတယ်။ ကျနော်တို့အများစုနားလည်ထားတာက သူတစ်ပါးမယား၊ သမီးပျိုများကို ပြစ်မှားခြင်းလောက်ပဲ ထင်ကြပါတယ်။ တကယ်တမ်းက အဲ့လောက်နဲ့တင်မဟုတ်ပါဘူး။ ကာမဖောက်ပြားတဲ့ အကြောင်းကို ကျနော်တို့လူငယ်အများစု အမြင်လွဲနေတာများပါတယ်။ မှားတဲ့အသိကြီးလက်ကိုင်ထားပြီး နေသွားလို့ရှိရင် သေတဲ့အထိ အသိမှန်ကိုသိမသွားပဲနဲ့ အမှန်ပဲထင်နေကြမှာမလို့ပါ။ လောကီဘက်မှာ မသိလို့ လုပ်တာပါလို့ပြောရင်တော့ အပြစ်နည်းသွားပေမယ့်.. လောကုတ္တရာဘက်မှာတော့ အပြစ်က အပြစ်ပါပဲ။ သိပြီးသားသူတွေရှိပေမယ့်လည်း မသိသေးတဲ့သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ တကယ်တမ်း ကာမဂုဏ်ဖောက်ပြားမှားယွင်းခြင်းမှ ရှောင်ကြဉ်ချင်တယ်ဆိုရင် မသွားမလာအပ်တဲ့ မိန်းမ(၂၀) ကို ရှောင်ကြဉ်ရပ့ါမယ်။ (၁) မာတုရက္ခိတ - မိခင်စောင့်ထိန်းသော မိန်းမ၊ (၂) ပိတုရက္ခိတ - ဖခင်စောင့်ထိန်းသော မိန်းမ၊ (၃) မာတုပိတုရက္ခိတ - မိဘနှစ်ပါး စောင့်ထိန်းသော မိန်းမ၊ (၄) ဘာတုရက္ခိတ - မောင်ကြီးမောင်ငယ် စောင့်ထိန်းသော မိန်းမ၊ (၅) ဘဂိနီရက္ခိတ - အစ်မ၊ ညီမ စောင့်ထိန်းသော မိန်းမ၊ (၆) ဉာတိရက္ခိတ - သွေးသားတော်စပ်သူ ဆွေမျိုး စောင့်ထိန်းသော မိန်းမ၊ (၇) ဂေါတ္တရက္ခိတ - အမျိုးအနွယ် စောင့်ထိန်းသော မိန်းမ၊ (၈) ဓမ္မရက္ခိတ - တရားကျင့်ဖော်ချင်း စောင့်ထိန်းသော မိန်းမ၊ (၉) သာရက္ခ - ကိုယ်ဝန်ကတည်းက မှတ်သားသိမ်းဆည်းခံရသော မိန်းမ၊ (၁၀) သပရိဒဏ္ဍ - ဤ မိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟုမင်းမိန့် ထုတ်ခံရသော မိန်းမ (၁၁) ဓနက္ကီတ- ဥစ္စာဖြင့် ၀ယ်ယူပေါင်းသင်းသော မိန်းမ၊ (၁၂) ဆန္ဒ၀ါသိနီ- အလိုတူ၍ ပေါင်းသင်းသော မိန်းမ၊ (၁၃) ဘောဂ၀ါသိနီ- ပစ္စည်းအသုံးအဆောင်ပေး၍ ပေါင်းသင်းသော မိန်းမ၊ (၁၄) ပဋ၀ါသိနီ- အ၀တ်အထည်ပေး၍ ပေါင်းသင်းသော မိန်းမ၊ (၁၅) သြဒပတ္တကိနီ- ရေခွက်၌ လက်ဆုံနှိုက်၍ လက်ထပ်ပေါင်းသင်းသော မိန်းမ၊ (၁၆) သြဘဋစုမ္ဗဋာ- ထင်းခွေရေခတ် လုပ်ကိုင်ရသော အမျိုးသမီးအား ယင်းအလုပ်တို့ကို မလုပ်စေတော့ဘဲ ခေါင်းမှခေါင်းခုကို ချစေ၍ပေါင်းသင်းသော မိန်းမ၊ (၁၇) ဒါသီ- ကျွန်လည်းဟုတ် ၊ မယားလည်းဟုတ်သော မိန်းမ၊ (၁၈) ကမ္မကာရီ - အလုပ်သမားလည်းဟုတ်၊ မယားလည်းဟုတ်သော မိန်းမ၊ (၁၉) ဓဇာဟဋာ- သုဥ့်ပန်းအမျိုးသမီးအား မယားအဖြစ်သို့ ပေါင်းသင်းသော မိန်း မ၊ (၂၀) မုဟုတ္တိကာ- ခေတ္တငှားရမ်း ပေါင်းသင်းသော မိန်းမ။ ဖော်ပြခဲ့တဲ့အချက်(၂၀)မှာ နံပါတ်(၁)မှ(၈)ထိ အချက်ဟာ မိန်းမနဲ့ယောက်ျား နှစ်ယောက်လုံး ဖောက်ပြန်ခဲ့လျှင် ယော်ကျားမှာပဲ အပြစ်ဖြစ်ပါတယ်။ မိန်းကလေးမှာတော့ အပြစ်မဖြစ် ပါဘူး။ ဒါပေမယ့် ဖော်ပြခဲ့တဲ့အချက်(၂၀)မှာ နံပါတ်(၉) မှ နံပါတ်(၂၀)အထိ မိန်းမ(၁၂)မျိုးမှာဆိုရင်တော့ မိန်းမရော ယောက်ျားရော အပြစ်ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့... အကြင် မိန်းမဟာ လင်ပိုင်ဆိုင်သော ကာမအတွေ့အထိကို ခိုး၍ သူတစ်ပါးအား ပျော်မွေ့ စေသောကြောင့် ဖြစ်ပါတယ်။ ယောက်ျားများမှာမူ ထိုမိန်းမ(၂၀)တို့တွင် မည်သူနှင့်မဆို ဖောက်ပြန်ပါက ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတယ်။ နောက်ထပ် ယောက်ျားများအတွက် ဖော်ပြထားတဲ့ မိန်းမအမျိုး(၂၀) အပါအ၀င် ကာမေသု မိစစ္ဆာစာရကံ ထိုက်သော အချက်လေးချက်ရှိပါတယ်..။ အဲ့ဒါတွေကတော့.. (၁)အထက်မှာဖော်ပြသောမိန်းမအမျိုး(၂၀)တို့တွင်ပါဝင်ခြင်း၊ (၂)ကျင့်ပြုမှီဝဲလိုစိတ်ရှိခြင်း၊ (၃)ရနိုင်သောနည်းဖြင့်လုံ့လပြုခြင်း၊ (၄)ပြုကျင့်ခြင်းကိုလည်း သာယာခြင်း တို့ဖြစ်ပါတယ်။ ဒီအချက်ကတော့ လူတို့၏ ခန္ဓာကိုယ်တွင် မဖောက်ပြန်သင့်သော လမ်းကြောင်းသုံးမျိုး အကြောင်းပါ။ ဤသုံးမျိုးတို့ကို လွဲမှားစွာပြုလုပ်လျင်လည်း ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတယ်။ အဲ့ဒါတွေကတော့ (၁)ကျင်ကြီးစွန့်ရာလမ်းကြောင်း၊ (၂)ကျင်ငယ်စွန့်ရာလမ်းကြောင်း၊ (၃)စကားပြောရာလမ်းကြောင်းတို့ဖြစ်ပါတယ်။ နောက်ပြီး မိမိကာမပိုင်မိန်းမပင် ဖြစ်လင့်ကစား ကာမေသုမိစ္ဆာစာရကံ ထိုက်သော အချက်လေးချက် ရှိပါတယ်။ အိမ်ထောင်ကျပြီး ယောက်ျားများ လိုက်နာသိသင့်တဲ့ အချက်တွေပါ။ အဲ့ဒါတွေကတော့ (၁)မိမိမိန်းမကိုယ်ဝန်အလွန်ရင့်သောအခါ၊ (၂)မိဘဆရာလူအများတို့မြင်သဖြင့်မသင့်တော်သောနေရာ၊ (၃)ကျင့်ရိုးမဟုတ်ခြင်းနှင့်လွဲမှားစွာပြုကျင့်ခြင်း၊ (၄)ဆေးဝါးမှီဝဲပြီး ရှိမြဲအင်္ဂါထက် လွန်သောအခါ တို့ပဲဖြစ်ပါတယ်။ ကျနော် ဖော်ပြခဲ့တဲ့အထဲမှာ စကားလုံး ရိုင်းသွားလို့ ရှိရင်လည်း တောင်းပန်ပါတယ်။ ရှင်းရှင်းလင်းလင်း သိသွားဖို့အတွက် နားလည်လွယ်အောင်ပဲ အလွယ်သုံးလိုက်တာပါ။ ဘာလို့ဒီအကြောင်းကို ရှင်းအောင် ဖော်ပြရလဲဆိုတော့ ကျနော်တို့ လိုလူငယ်တွေ အများဆုံးထင်ထားကြတာက အခကြေးငွေပေးပြီး ကျူးလွန်လျှင် အပြစ်မရှိဘူး.. နောက်ပြီး ကိုယ့်ချစ်သူမိန်းကလေးနဲ့ နှစ်ဦးသဘောတူ ကျူးလွန်လျှင် အပြစ်မရှိဘူး လို့ထင်ထားကြတာတွေ များလို့ပါ။ တကယ်တမ်းက ကိုယ့်ကာမပိုင် မိန်းမမဟုတ်ပဲ တစ်ခြားတစ်ယောက်နဲ့ ဘယ်လိုပဲ ကျူးလွန်မိမိ ကာမေသုမိစ္ဆာစာရကံ ထိုက်ဖို့များပါတယ်။ ဒါ့ကြောင့် ကိုယ့်ကာမပိုင် မိန်းမမှတစ်ပါး အခြားသူကို ဘယ်လိုနည်းနဲ့မဆို မကျူးလွန်မိဖို့ စောင့်ထိန်းသင့်ပါတယ်။ စောင့်ထိန်းဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။ ကာမေကျူးလွန်ခြင်းကို အလွဲသိကြပြီး အမှားတွေ ဆက်မှားနေမှာ ဆိုးတဲ့အတွက် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ လူတိုင်း ကာမဖောက်ပြား ကျူးလွန်ခြင်းကို ရှောင်ကြဉ်နိုင်ကြပါစေ။
မောင်ကောင်း
Friday, 4 October 2013
ကာမေသုမိစ္ဆာစာရကံ
Labels:
ပီယ သရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment