Sunday, 17 November 2013

အမေ့အိမ်

အဲဒီမှာ တံခါးမရှိဘူး အဲဒီမှာ ဓားမရှိဘူး
အဲဒီမှာ- သားပြန်လာမယ့် အချိန်ကို မျှော်နေတဲ့ အိပ်မပျော်ခြင်းတွေ ရှိတယ်
အဲဒီမှာ တစ်မြို့တစ်ရွာဆီ ဖြန့်ကြဲနေတဲ့ မေတ္တာပို့ခြင်းတွေ ရှိတယ်
အဲဒီမှာ လူတစ်ယောက်ကို ငယ်ရွယ်သွားစေတဲ့ စိတ်ပျိုကိုယ်နု ဆေးတစ်မျိုးရှိတယ်
အဲဒီမှာ ၀င်ရောက်ခိုနား ပျံထွက်သွားတတ်တဲ့ အစဉ်အလာတွေ ရှိတယ်
အဲဒီမှာ လမ်းတစ်လမ်းလို ရင့်ကျက်မှုအပြည့်နဲ့ ညွှန်ပြချက်တွေ ရှိတယ်
အဲဒီမှာ စိတ်ကူးတစ်ခုလုံး ဖြည့်စွမ်းပေးတဲ့ အနစ်နာခံစိတ်တွေရှိတယ်
အဲဒီမှာ လရောင်နဲ့ဖျော်စပ်ထားတဲ့ ပျော်ရွှင်ခြင်းတွေ ရှိတယ်
အဲဒီမှာ ဘယ်နေရာမှာမှ မရနိုင်တဲ့ ရင်ခုန်ဆွတ်ပျံ့တဲ့ အငွေ့အသက်တွေရှိတယ်
အဲဒီမှာ တစ်ယောက်ပြီးတစ်ယောက် ဘယ်သူသောက်သောက် စိတ်မကောက်တဲ့ ဆံဖြူသွားကျိုး ရေအိုးကလေးရှိတယ်
အဲဒီမှာ အဲဒီမှာပါ ဆိုးမိုက် ပေ တေ ဘယ်လိုပဲ လေလွင့်ခဲ့တဲ့ သားသမီးဖြစ်ပါစေ တံခါးဟာ ဖွင့်ထားဆဲ အမေဟာ အိမ်ရှေ့ လမ်းကို မျှော်ငေးနေဆဲပါ…။

ကေးမျိုးငြိမ်း

၂၀၀၈ အောက်တိုဘာ ရတီမဂ္ဂဇင်း

Friday, 15 November 2013

ခပ်လှမ်းလှမ်းကလှမ်း

ငယ်ငယ်က မေမေပုံအောပေးခဲ့တဲ့ ဘဝတစ်ခုဟာ (တကယ့်ကို)နေပျော်ဖို့ကောင်းခဲ့ရဲ့ အကာအရံမဲ့လောကဟင်းလင်းပြင်ထဲ မေမေ့မှော်လက်တွေနဲ့အုပ်မိုးလို့အေးမြခဲ့ ပတ်ဝန်းကျင်ရဲ့ညှီနံ့တွေထဲ မေမေ့သနပ်ခါးနံ့နဲ့လန်းဆန်းခဲ့ အချိန်တွေအကုန်မြန်လိုက်တာမေမေ….။ အတောင်အလက်စုံလာလေ ဒါဏ်ရာတွေများလာလေ လောကဓံကအထုအထောင်းကောင်းလို့ ထုသားပေသားကျလာတဲ့ဒီခန္ဓာမှာ ဘာကိုမှထူးပြီးမခံစားချင်တော့တဲအဆုံး လွမ်းဖျားလွမ်းနာကျလို့ ကယောင်ကတမ်းစကားကိုဆိုရင် မေမေလို့ခေါ်သံကလွဲပြီး ဘယ်အသံကမှဒီထက်ပိုပြီး တိုးလျညင်သာသက်သာလွန်းတာမရှိဘူး အရင်က လောကကြီးကိုမကျေနပ်ရင် မေမေ့ကိုတိုင်ပြောမယ် အရာရာကိုစိတ်တိုင်းမကျရင် မေမေ့ကိုဂဂျီဂဂျောင်ကျမယ် အခုအချိန်မေမေနဲ့ဝေးတော့ ဘယ်သူ့ကိုပြောရပါ့မလဲမေမေ… ဖြစ်နိုင်ရင်ပေါ့မေမေ သဘာဝတရားရဲ့တန်ပြန်မှုတွေနဲ့ ကြမ်းတမ်းမာကျောနေတဲ့မေမေ့ခြေထောက်တွေကို ဆုပ်နယ်ချင်တယ် သနပ်ခါးပါးကွက်ကျားနဲ့ မေမေ့ရဲ့ပါးကိုတဒင်္ဂဖြစ်ဖြစ်မွှေးကြူချင်တယ် ဆန္ဒဟာဆန္ဒသက်သက်လောက် အသွားထက်ပါစေသား…. မေမေရေ လွမ်းတာလည်းလွမ်းတယ် လှမ်းတာလည်းလှမ်းတယ် ခြေလှမ်းတိုင်းမှယအလွမ်းတွေအပြည့်နဲ့ အိမ်ပြန်လာချင်ရဲ့ အဝေးကြီးဝေးခဲ့ပြီမေမေ ဘယ်သူမပြုမိမိမှုတဲ့ အဲဒီလိုထပ်ခါတလဲလဲရွတ်ဆိုနေမိတဲ့ နှုတ်ခမ်းဖျားတွေဟာလည်း မေမေကျန်းမာစေကြောင်းဆုမွန်ကောင်းတောင်းမိတဲ့ ဟောဒီနှုတ်ခမ်းဖျားတွေ……။။။

အမရာ

(ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀)

မေမေ့ပင်လယ်ကူး သင်္ဘောလေး င်္

မေမေ့အပြုံးထဲ ကျွန်တော်ဟာ စက္ကူလှေလေးရဲ့ မာလိန်မှူး အသက်သုံးဆယ်အထိ ဘာမှ မထူးခဲ့ဘူး ။ မေမေ့မေတ္တာနဲ့ ဆင်တဲ့ သစ်သားကွပ်ပျစ်ကလေးမှာ မေမေ့ပေါင်ကို ခေါင်းအုံးလုပ် သားအိပ်မက်ကလေးတွေ ပြန်အုပ်ချုပ်ပါဦးမေမေ ။ ကော်ဖီလည်း လျော့သောက်ပါတယ် အိပ်ရေးဝအောင်လည်း အိပ်တယ် ကွန်ပျူတာလည်း တအားမသုံးဘူး ဘုရားလည်း မှန်မှန်ရှိခိုးတယ် ကျွန်တော် ဆက်ညာနေတုန်းပဲ… ရေခဲတောင်တွေလို မအေးခဲတတ်ဘဲနဲ့ ကျွန်တော်ပင်လယ်ခရီး ထွက်ခဲ့တယ် ။ နှင်းတွေကို မဖြားယောင်းတတ်ဘဲနဲ့ ကျွန်တော် ဆောင်းရာသီထဲ ခုန်ချခဲ့မိပါပေါ့ ။ မောဟတန်းလန်းနေ့စွဲတွေထဲ တစ်နေ့တစ်လံ တစ်နေ့တစ်လံနဲ့ပဲ မေမေရှိတဲ့အရပ်နဲ့ ဝေးသထက် ဝေးနေတုန်း ။ မေမေတွေ့လား ခိုက်ခိုက်တုန်သတိရစိတ်နဲ့ ညက ကျွန်တော် အိမ်ပေါ် ပြန်ပြေးတက်လာခဲ့တယ် ။

လင်းဒီပ

၁၈.၀၃.၁၀ moehlaing nya at 5:14 AM

နောက်ဆုံးမီးနစ်

ဘ၀က အမြဲတမ်းအချိတ်အဆက်လွဲတယ် အမေရယ်... အဝေးပြေးလမ်းမပေါ်တက်ပြီး ကျွန်တော်နောက်ကျမှန်းသိတဲ့အချိန် နှစ်ကာလတွေက တ၀ီဝီဖြတ်သန်းသွားပြီ ယုံယုံကြည်ကြည် စူးနစ်ခဲ့သမျှ နက်နက်ရှိုင်းရှိုင်းနာကျင်ခဲ့ရတယ် စာရေးဆရာရှစ်နှစ်သား ဘလော့ဂါသုံးနှစ်သား အမေ့အတွက်တော့ လက်ကြောမတင်းတဲ့ နှစ်ဆယ့်ရှစ်နှစ်သားကြီးပေါ့ မအောင်မမြင်မချင်း အမေ့အိမ်မပြန်ဘူး မာနတွေတင်းခံခဲ့သမျှ အမေ့ဆီပြန်မရောက်တာပဲ အဖတ်တင်ခဲ့တယ် မြိုကြီးတွေ မလွယ်ပေါက်ကနေ ခွေးတိုးဝက်ဝင်ရှင်သန်နေရတဲ့ကောင် နောက်ကျောမှာ လှောင်ရယ်သံတွေပဲ ပဲ့တင်ပြန်လာတယ်... အိပ်မက်တွေ အတည်တကျမက်ဖို့ ကျွန်တော့် ညရေးညတာတွေခက်နေတုန်း အခန်းလွတ်တွေထဲ တိတ်တိတ်ပုန်းကြေကွဲဖူးပါရဲ့ နောက်ဆုံးမိနစ်မရောက်ခင် အေးစက်နာကျင်တဲ့ ကျွန်တော်ဝတ်ရုံကိုချွတ်လို့ အမေ့ဆီမှာ သန့်သန့်စင်စင် လူပြန်ဖြစ်ချင်ပါသေးတယ်... အမေ။

မိုးလှိုင်ည

ကျေးဇူးတော်မေမေ

မေမေ ဆောင်းတစ်ခုမဟောင်းခင် နှစ်သစ်တစ်ခု မကူးခင်ပေါ့ နှင်းဖြူဖွေးဖွေးလွှလွှ ရင်ထဲမှာလွမ်းမောရပါတယ် …မေမေ ကျွန်တော်ဟာ ငှက်တစ်ကောင်ဆိုရင် စာကလေးဖြစ်ဖြစ် သိန်းစွန်ရဲဖြစ်ဖြစ် ကောင်းကင်မြင့်မြင့်မှာ ပျံသန်းတတ်ဖို့ အမေပေးတဲ့ခွန်အား ဘယ်လိုမုန်တိုင်းမျိုးမှ မတားနိုင်ဘူး ကျေးဇူးတော် မေမေ ဘ၀ဟာ ဘယ်လိုပဲမှောင်နေပါစေ အမေဆိုတဲ့အလင်းတစ်စ ကျွန်တော် အသိဥာဏ်ကို လမ်းပြခဲ့တယ်… ကျေးဇူးတော် မေမေ ဘယ်လိုနတ်ဘုရားဆီမှာမှ လက်ဖြန်တောင်းခံလို့မရတဲ့ ခွန်အားဖြစ် နို့ရည်ကြည်အစ အသက်ရှင်ရပ်တည်မှုအဆုံး ဘ၀တစ်ခုလုံး ပိုင်ရှင်… ကျေးဇူတော်မေမေ ရင်ခွင်မှာပွေ့ပိုက် ကျွန်တော့် ၀မ်းနည်းမှုတွေရဲ့ခံတပ်ပေါ့ ကျေးဇူးတော်မေမေ လောကနံရံဖုန်းဆိုးတစ်စ အမေအိမ်ဟာ ဘ၀ရဲ့ အိုအေစစ်ကျတယ်… အမေဟာ ၀င်သက်ထွက်သက် ကျွန်တော့်သိမှတ်မှုမှာမေ့လျှော့တတ်ခဲ့တယ်…အမေ… ကျွန်တော်ကို ခွင့်လွှတ်ပါ.. ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့… လောကမြေကြမ်းကြမ်းတမ်းတမ်းထဲ… အမေစိုက်ပျိုးခဲ့သမျှ ကျွန်တော် သီးပွင့်လာခဲ့ရတယ်… ဘ၀ရဲ့ အပြည်ဝဆုံးမြေသြဇာဟာ ကျွန်တော့်ရင်ထဲက ကျေးဇူးတော်မေမေ ကျွန်တော်မြင့်မားနိုင်သမျှ.. မေမေက သန့်သန့်စင်စင် နက်ရှိုင်းခဲ့တယ် ကျွန်တော်ကြီးထွားလာသမျှ… မေမေက သန်သန်မာမာသေးသွယ်ခဲ့တယ်… ကျေးဇူးတော်မေမေ… ဒီတစ်ဘ၀နဲ့အမျှ.. ဘယ်လိုမှပြန်မပေးဆပ်နိုင်တဲ့ မေတ္တာတရားတွေ… ကျွန်တော်လိုတေလေတစ်ယောက်အတွက်… အမေအတွက်ရေးတဲ့ကဗျာ… အမေ့အတွက်ဖတ်တဲ့ကဗျာ… အမေ့ကိုယ်စားကျွန်တော့်ကိုအမြဲဆုံးမတယ်… ကျေးဇူးတော်ပါ…မေမေ ကောင်းကင်တစ်စုံကို ခူးမယ့်လက်ဟာ မေမေ့စွမ်းအားဖြင့် ပျံသန်းမြင့်တက်ရင်း….

မိုးလှိုင်ည